Thursday, October 11, 2018
မန္တလေးတိုင်းဒေသကြီးအတွင်းက တက္ကသိုလ်ပေါင်းစုံ အီလက်ထရောနစ်အားကစားပြိုင်ပွဲ Cosplay နဲ့ ဈေးရောင်းပွဲတော် Mandalay Universities Dota 2 Tounament MUDT ကို မနက်ဖြန်မှာ စကျင်းပမယ်
မန္တလေး၊အောက်တိုဘာ ၁၂
မန္တလေးတိုင်းဒေသကြီးအတွင်းက တက္ကသိုလ်ပေါင်းစုံ အီလက်ထရောနစ်အားကစားပြိုင်ပွဲ Cosplay နဲ့ ဈေးရောင်းပွဲတော် Mandalay Universities Dota 2 Tounament MUDT ကို အောက်တိုဘာ ၁၃ ရက် နဲ့ ၁၄ ရက်တို့မှာ မန္တလေးမြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
မန္တလေး အောင်မြေသာစံမြို့နယ် ၆၆ လမ်း အမျိုးသားဇာတ်ရုံမှာကျင်းပသွားမှာဖြစ်တယ်လို့သိရပြီး ပွဲကျင်းပမှာနဲ့ပတ်သက်လို့လည်း မနေ့မွန်းလွဲပိုင်းက အမျိုးသားဇာတ်ရုံအတွင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
ဂိမ်းနဲ့ပတ်သက်ပြီး လူကြီးတွေရဲ့အမြင်ကို ကျွန်တော်တို့ပြောင်းပေးလိုတာပါ၊ ဒါ အဓိကအချက်တစ်ချက်လည်းဖြစ်ပါတယ်၊ ဂိမ်းဆိုတာ ကို နိုင်ငံတကာကလည်း အားကစားတစ်ရပ်အဖြစ်သတ်မှတ်ထားပါတယ်၊ Electronic Sport ပေါ့၊ ဒီပြိုင်ပွဲက ကျောင်းသားကျောင်းသူ တွေကြား ရင်းနှီးမှုတွေပိုလာဖို့လည်း ရည်ရွယ်ပါတယ် လို့ ပွဲဖြစ်မြောက်ရေးအတွက် ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ကိုကျော်ဇေယျ (အစိုးရစက်မှုလက်မှုသိပ္ပံကိုယ်စားပြု Gamer တစ်ဦး)ကပြောပါတယ်။
တက္ကသိုလ် ၁၆ ခုမှ အသင်းပေါင်း ၈၀ ပါဝင်ယှဉ်ပြိုင်သွားကြမယ့် မန္တလေးမြို့မှာ ပထမဆုံးကျင်းပမယ့် အီလက်ထရောနစ်အားကစား ပြိုင်ပွဲတစ်ခုပဲဖြစ်ပြီး ဒီပွဲကို Speed Gaming ကကြီးမှူးကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။
Electronic Sport အားကစားသမားတစ်ဦးအနေနဲ့ ရပ်တည်ချင်တဲ့လူငယ်တွေအတွက် ဒီပြိုင်ပွဲက အခွင့်အလမ်းတစ်ခုပါ၊ နိုင်ငံတကာ မှာ ဂိမ်းကစားတာကို အားကစားတစ်ခုအဖြစ်သတ်မှတ်ပြီး ပြိုင်ပွဲတွေလည်းကျင်းပပေးနေတယ်၊ ဒီမှာတော့ ကျွန်တော်တို့စီစဉ်ပေးနိုင် ခဲ့ပါပြီ၊ ဂိမ်းကစားတာ မကောင်းတာလုပ်တာမဟုတ်ဘူးဆိုတာကို လူကြီးတွေကိုသိစေချင်တာပါ လို့လည်း ရတနာပုံတက္ကသိုလ်ကိုယ် စားပြု Gamer တစ်ဦးဖြစ်တဲ့ ကိုနိုင်ကောင်းခန့်ကပြောပါတယ်။
ပြိုင်ပွဲမှာ ပထမဆု Grand Champion အတွက် ကျပ် ၁၀ သိန်း၊ ဒုတိယဆုအတွက် ၅ သိန်းကျပ်၊ တတိယဆုနဲ့ စတုတ္ထဆုအတွက် ၂ သိန်းခွဲကျပ်၊ ပဉ္စမဆု မှ အဌမဆုအတွက် ကျပ်တစ်သိန်းခွဲ အသီးသီးချီးမြှင့်သွားမှာဖြစ်ပြီး ပထမရတဲ့အသင်းကို Champion Trophy ဒိုင်းဆု နဲ့ ဆုဆွဲပြားတွေ ချီးမြှင့်သွားမှာဖြစ်တယ်လို့သိရပါတယ်။
ဒါ့အပြင် ဒီပွဲမှာ Cosplay Contest ပြိုင်ပွဲ (ဂျပန်နိုင်ငံထုတ် Anime ဇာတ်ကားတွေရဲ့ ဇာတ်ကောင်များရဲ့ဝတ်စားဆင်ယင်မှုပြိုင်ပွဲ) လည်းထည့်သွင်းသွားမှာဖြစ်ပြီး ပထမဆု ၃ သိန်းကျပ်၊ ဒုတိယဆု ၂ သိန်းကျပ်၊ တတိယဆု တစ်သိန်းကျပ် ချီးမြှင့်သွားမှာဖြစ်တယ် လို့သိရပါတယ်။
စောထွေး
#Crd…
#ThadinKabar


