Thursday, October 11, 2018
ကယားပြည် ဘီလူးချောင်းမှ ရှမ်းပြည် အင်းလေးကန်သို့ ရေလမ်းခရီးဖြင့်သွားရောက်လည်ပတ်နိုင်ရေးဆောင်ရွက်နေ
ကယားပြည်နယ် ဘီလူးချောင်းကနေ ရှမ်းပြည်နယ် အင်းလေးကန် ကို မိုးဗြဲရေကာတာကနေတစ်ဆင့် ရေလမ်းခရီးစဉ်နဲ့သွားရောက်လည်ပတ်နိုင်ရေး ဆောင်ရွက်နေတယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ထံကနေသိရပါတယ်။
အဆိုပါခရီးစဉ်ဟာ လွိုင်ကော်မြို့ကနေ မိုးဗြဲရေကာတာအထိတစ်ပိုင်း၊ မိုးဗြဲရေကာတာကနေ မိုးဗြဲ-ဖယ်ခုံ-အင်းလေးအထိ တစ်ပိုင်း၊ စုစုပေါင်း အပိုင်း (၂)ပိုင်းခွဲကာဖော်ဆောင်သွားမှာဖြစ်ပြီး ရေလမ်းခရီးရဲ့စုစုပေါင်းကြာချိန်ကတော့ ၆နာရီခွဲလောက်ကြာမြင့်မှာဖြစ်တယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့က ဆိုပါတယ်။
ခရီးသွားတွေအနေနဲ့ ခရီးစဉ် အစ/အဆုံး ဖြစ်စေ၊ ခရီးစဉ်တစ်ပိုင်းပဲဖြစ်စေ ကြိုက်နှစ်သက်သလိုလည်ပတ်နိုင်ဖို့ စီစဉ်ထားကြောင်းနဲ့ မိုးဗြဲရေကာတာကိုခရီးသွားတွေလေ့လာနိုင်ရေးအပါအ၀င် ပြခန်းတွေ၊ ရိုးရာအစားအသောက်နဲ့ အသုံးအဆောင်အရောင်းဆိုင်တွေဖွင့်လှစ်နိုင်ရေးလည်းပါဝင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အနီးပတ်ဝန်းကျင်မှာရှိတဲ့ တိုင်းရင်းသားကျေးရွာတွေကို လေ့လာချင်ရင်လည်း လေ့လာနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ အဆိုပါတိုင်းရင်းသားကျေးရွာတွေမှာ တိုင်းရင်းသားတွေရဲ့ နေထိုင်မှုပုံစံတွေ၊ စိုက်ပျိုးမွေးမြူမှုပုံစံတွေလေ့လာနိုင်ဖို့ကိုလည်း စီစဉ်ပြုလုပ်ပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။
လှေဆိပ်ကိုလွိုင်ကော်မြို့မှာအခြေစိုက်ပြီး နေရာအတွက်ရှမ်းစုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဂရန်အမည်ပေါက်မြေနေရာအတွင်း ဆောင်ရွက်သွားဖို့လျာထားကြောင်းလည်း ပြည်နယ်အစိုးရက ပြောပါတယ်။
ယင်းခရီးစဉ်ကို ဆောင်ရွက်မယ့်သူကတော့ ရှမ်းပြည်နယ်၊ အင်းလေးအခြေစိုက် “အင်းဒေဝီ” ကန်လှေလုပ်ငန်းက ဆောင်ရွက်မှာဖြစ်ပြီး ၎င်းတို့ဟာ ယမန်နေ့ကလည်း ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်တဲ့အဖွဲ့ကိုသွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကာ လုပ်ငန်းဆောင်ရွက်မယ့်အခြေအနေတွေကို တင်ပြခဲ့တယ်လို့ သိရပါတယ်။
ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် ပေါင်းကူးသွားလာမယ့် အဆိုပါလှေစီးခရီးသွားလုပ်ငန်းဆောင်ရွက်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့ ကနဦး ညှိနှိုင်းထားပြီးဖြစ်ကြောင်း ယမန်နေ့ကပြုလုပ်ခဲ့တဲ့တွေ့ဆုံပွဲမှာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက ပြောကြားခဲ့တယ်လို့ ပြည်နယ်အစိုးရအဖွဲ့သတင်းထုတ်ပြန်ရေးကဆိုပါတယ်။
ကုမ္ပဏီ တာဝန်ရှိသူတွေကလည်း လုပ်ထုံးလုပ်နည်း၊ ဥပဒေတွေနဲ့အညီဖြစ်စေရေး ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံတင်ပြကာ ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကယားပြည်နယ်အနေနဲ့ လွိုင်ကော်မြို့၊ ရှမ်းစုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မြေနေရာကို လှေဆိပ်အဖြစ်အသုံးပြုခွင့်ပေးဖို့ကို "မူ" အားဖြင့် သဘောတူညီကြောင်း၊ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီဖြစ်ဖို့ ဆက်လက်ဆောင်ရွက်ဖို့နဲ့ ၎င်းကိုမြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ် တာတွေ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ မြို့နယ်အဆင့်မှာဆောင်ရွက်ပြီးရင် ခရီးစဉ်စတင်ဖော်ဆောင်မယ့် အခြေအနေတွေကို ပြည်နယ်အစိုးရအဖွဲ့ထံတင်ပြဖို့ လည်း ၀န်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့တယ်လို့သိရပါတယ်။
AF-178
#ThadinKabar
