Thursday, October 11, 2018

စင်ကာပူဈေးနှုန်းနှင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းတို့အပေါ် မူတည်ကာ ပြည်တွင်းစက်သုံးဆီဈေးနှုန်း အတက်အကျပြောင်းလဲမှုများ ဖြစ်ပေါ်နေ



နေပြည်တော်   အောက်တိုဘာ    ၁၁
ပြည်တွင်းတွင် သုံးစွဲနေသည့် စက်သုံးဆီများကို ပုဂ္ဂလိကလုပ်ငန်းရှင်များ အနေဖြင့် စင်ကာပူမှ အဓိကတင်သွင်းဖြန့်ဖြူးရောင်းချလျက်ရှိရာ စင်ကာပူ ဈေးနှုန်းMOPS နှင့်  နိုင်ငံခြားငွေ  လဲလှယ်နှုန်းတို့အပေါ် မူတည်ကာ ပြည်တွင်း စက်သုံးဆီဈေးနှုန်းအတက်အကျ ပြောင်းလဲမှုဖြစ်ပေါ်လျက်ရှိ ပြီး အိမ်နီးချင်းအာရှနိုင်ငံတချို့နှင့် နှိုင်းယှဉ်လေ့လာမည်ဆိုပါက မြန်မာ နိုင်ငံအောက်တွင် မလေးရှားနိုင်ငံနှင့် ဘရူနိုင်း နိုင်ငံတို့သာရှိကြောင်း ယနေ့ နံနက်ပိုင်းက ပြုလုပ်သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ရေးအခမ်းအနားမှ သိရသည်။
ကျွန်တော်တို့ နိုင်ငံမှာ လက်ရှိထုတ်လုပ်နိုင်တဲ့  စက်သုံးဆီ တစ်ပြည် လုံးသုံးစွဲမှုရဲ့  ၇ ရာခိုင်နှုန်းပဲ ထုတ်လုပ်နိုင်ပါတယ်။ ကျန်တာက ပြည်ပ                   ကနေ တင်သွင်းရတာဖြစ်ပါတယ်။ ပြည်ပက တင်သွင်းတာက အိမ်နီးချင်း နိုင်ငံတွေက  တင်သွင်းတာ ၆ ရာခိုင်နှုန်း လောက်ရှိတယ်။  ကျန်တာအားလုံးကို ပြည်ပကတင်သွင်းပြီး အဓိကတင်သွင်း တဲ့နိုင်ငံကတော့   စင်ကာပူနိုင်ငံ ဖြစ်ပါ တယ်။ စင်ကာပူနိုင်ငံကနေ အဓိကဝယ်ယူ တင်သွင်းရတဲ့အတွက်   ကျွန်တော်တို့ နိုင်ငံမှာ  ပြန်ရောင်းတဲ့ဈေးက စင်ကာပူ ရဲ့  MOPS  (Means of Platts Singapore ) ဈေးနှုန်းပေါ်မှာ အဓိက အခြေခံပါတယ်။ နောက်တစ်ခါ ပြည်တွင်း မှာဖြစ်ပေါ်နေတဲ့   နိုင်ငံခြား ငွေကြေး လဲလှယ်မှုပေါ်မှာ မူတည်ပါတယ်ဒဒ ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ ရေနံထွက်ပစ္စည်း     ရောင်းဝယ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန့်စင်က ပြောကြားသည်။



ယမန်နှစ်က နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၁၃၆ဝ ခန့်ရှိရာမှ  ယခုနှစ်တွင်  အမေရိကန်တစ်ဒေါ်လာ       လျှင်   ငွေကျပ် ၁၅ဝဝ ကျော် ထိမြင့်တက်ခဲ့ပြီး နှစ်စဉ်ယခုကာလသည် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ၊ စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေကျ ဖြစ်ကြောင်း သိရသည်။
မိုးအကုန် ဆောင်းအကူး  ပွင့်လင်းရာသီ  ရောက်ပြီဆိုတာနဲ့ က္ဘာ့ ရေနံစိမ်းဈေးနှုန်းဆိုတာလည်း တက်လေ့ရှိပါတယ်။ ထို့အတူပဲ စက်သုံးဆီ ဈေးနှုန်းလည်း တက်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်က  92 Ron  တစ်စည်ကို ၆၇ ဒေါ်လာလောက်ပဲရှိပါတယ်။ ဒီနှစ်မှာ ဒေါ်လာ ၉ဝ နီးပါးထိ ရှိပါတယ်။ ဒီဇယ်ဆီ ပြီးခဲ့နှစ်က ဒေါ်လာ၇ဝ လောက်ရှိပြီး ဒီနှစ်မှာ ဒေါ်လာ ၉ဝ ကျော်ကနေ ၁ဝဝ ကျော်သွားပါတယ်။  
အခုနောက်ပိုင်းမှာတော့ ဒေါ်လာ ၁ဝဝ အောက်လျော့သွားပါပြီ။ ဒါဆိုရင် ဝယ်ယူတင်သွင်းရတဲ့ ဈေးနှုန်းရော ငွေကြေးလဲလှယ်နှုန်းထားရော မြင့်တဲ့ အတွက် စက်သုံးဆီဈေးနှုန်းကြီးမြင့်တာပဲ  ဖြစ်ပါတယ်။  သို့သော် ဝယ်ဈေး နဲ့ပြန်ရောင်းနေတဲ့ဈေးက အရင်တုန်းကတော့  မှန်တယ်။  စင်ကာပူ ဈေးကျတယ်၊ ဒီမှာမကျသေးဘူး။ နည်းနည်းဈေးတက်ရင် ဒီမှာအများကြီး တက်နေပြီ စသဖြင့် ဖြစ်ခဲ့တယ်။ အခုနောက်ပိုင်းမှာ တက်ရင်တက်တယ်။ ကျရင်ကျတယ်။ တစ်ရက် နှစ်ရက် ကွာဟမှုလေးတွေရှိပါတယ်။ သို့သော် လစဉ်ပျမ်းမျှကို ယူကြည့်မယ် ဆိုရင်တော့  ဂရပ်အတိုင်းသွားနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇယ်ဆိုလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။ အဓိက ပြောချင်တာကတော့MOPS ဈေးတက်လာတာနဲ့အမျှ ကျွန်တော်တို့ဆီက အများကြီး မတက်ပါဘူး။
''နောက်တစ်ချက်အနေနဲ့ အခုစက်သုံးဆီ ဈေးနှုန်းတက်နေသော် လည်းပဲ ကျွန်တော်တို့နိုင်ငံမှာ အခုရောင်းနေတဲ့ဈေးက အာရှနိုင်ငံတွေ အိမ်နီးချင်း နိုင်ငံတွေနဲ့  နှိုင်းယှဉ်ကြည့်မယ်ဆိုရင်  ကျွန်တော်တို့နိုင်ငံ အောက်မှာ ဈေးသက်သာတာ နှစ်နိုင်ငံရှိပါတယ်။ ချမ်းသာတဲ့နိုင်ငံတွေ ဖြစ်တဲ့ မလေးရှားနိုင်ငံနဲ့ ဘရူနိုင်းနိုင်ငံတို့ဖြစ်ပါတယ်။ ဘရူနိုင်းကတော့ တော်တော်လေးကို   သက်သက်သာသာနဲ့ရောင်းတာ  တွေ့ရပါတယ်။  စင်ကာပူက အများဆုံး ဖြစ်ပါတယ်။MOPS  အပေါ်မှာ ရောင်းနေတာ ကျွန်တော်တို့နိုင်ငံရဲ့ဈေးနှုန်း ဖြစ်ပါတယ်။  စက်သုံးဆီဈေးနှုန်းနဲ့ပတ်သက် လို့ ကျွန်တော်တို့ဝန်ကြီးဌာနက အမြဲတမ်းနေ့စဉ်   ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း၊  က္ဘာ့စက်သုံးဆီ ပေါက်ဈေးနှုန်း၊  ရန်ကုန်၊ မန္တလေး၊ နယ်တွေမှာ ရောင်းတဲ့ ဈေးနှုန်းတွေကို  နေ့စဉ် ကြည့်ပါတယ်။ အဲဒီအပေါ်မှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းထက်များပြီး မတော်လောဘနဲ့ ရောင်းချရင်တော့  အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သာမန်အားဖြင့်ကတော့ ဈေးကွက်စီးပွား ရေးစနစ်နဲ့အညီ   လွတ်လပ်စွာ ဖြန့်ဖြူးရောင်းချခွင့်ပြုထားပါတယ်။ အခုလက်ရှိ  အခြေအနေမှာ ပြည်တွင်းလုပ်ငန်းရှင်တွေရဲ့ တစ်ဦးနဲ့ တစ်ဦး စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချမှုဟာ ပြိုင်ဆိုင်မှု ပြင်းထန်ပါတယ်'' ဟု   ၄င်းက ဆက်လက်ပြောကြားသည်။
၂ဝ၁ဝ ပြည့်နှစ်ကစပြီး  ပုဂ္ဂလိက စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချ ခြင်းလုပ်ငန်းကို တိုင်းရင်းသားလုပ်ငန်းရှင်များအား လွတ်လပ်စွာလုပ်ကိုင်   ဆောင်ရွက်ခွင့်ပြုခဲ့ပြီး  သက်ဆိုင်ရာဌာနများတွင်  လိုင်စင်များလျှောက်ထား ရယူကာ စက်သုံးဆီတင်သွင်းဖြန့်ဖြူးခြင်းလုပ်ငန်းကို ဆောင်ရွက်စေခြင်း ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

 သိမ့်သိမ့်မိုး(မြန်မာ့အလင်း)
ဓာတ်ပုံ - သိင်္ခ
#ThadinKabar