Friday, October 12, 2018
အခေါက်ရွှေဈေး ကျပ် ဆယ်သိန်းတစ်သောင်းကျော် ဒေါ်လာဈေး ကျပ် ၁၆၀၀ နီးပါးအထိ ထပ်မံမြင့်တက်
အခေါက်ရွှေဈေး ကျပ် ဆယ်သိန်းတစ်သောင်းကျော်၊ အမေရိကန်နိုင်ငံခြားငွေလဲနှုန်း ပြင်ပဈေးကွက် တွင် တစ်ဒေါ်လာလဲနှုန်း ကျပ် ၁၆၀၀ နီးပါးအထိ စံချိန်တင်မြင့်တက်လာကြောင်း နိုင်ငံခြားငွေရောင်းဝယ်ရေး ဈေးကွက်မှ သိရသည်။
"ဈေးကွက်ထဲ ဖမ်းမယ်၊ ဆီးမယ်ဆိုတော့ ၀ယ်မယ့်၊ ရောင်းမယ့်သူတွေက ကြောက်ပြီး မလာကြတော့ ဘူး၊၊ အခု ရောင်းတဲ့၊ ၀ယ်တဲ့သူတွေမရှိတော့ဘူး။ ဈေးကွက်ထဲ အရောင်းအ၀ယ်မရှိသလောက် ဖြစ်နေတယ်။ အခု ဒေါ်လာဈေးက အပြင် ဈေး၁၆၀၀ နီးပါးဖြစ်နေတယ်ဆိုတော့ရွှေဈေးကပါ တက်လာတာပေါ့။ ရွှေက ပစ္စည်းအ၀ယ်လည်း နည်းတယ်။ ဒေါ်လာဈေးလည်း တက်တော့ရွှေဈေးက လိုက်တက်တာပါ" ဟု ရန်ကုန်မြို့ တိတ်စိန်ရွှေဆိုင်မှ ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ပြောဆိုသည်။
ဒေါ်လာငွေကြေး ၀ယ်ရောင်းသမားများ ထပ်မံဖမ်းဆီးသွားမည့် သတင်းများကြောင့် အောက်တိုဘာ ၁၁ ရက်နံနက်ပိုင်းလောက် တွင်သာအရောင်းအ၀ယ် အနည်းငယ်သာဖြစ်ပေါ်ခဲ့ပြီး ရွှေနှင့်ဒေါ်လာဈေးကွက်အတွင်း ၀ယ်ရောင်းသမားများမရှိဘဲအရောင်းအ၀ယ် မရှိသလောက်ဖြစ်နေကြောင်း သိရသည်။
အမေရိကန် နိုင်ငံခြားငွေနှုန်းမှာ စံချိန်တင်ဆက်လက်မြင့်တက်နေပြီး အောက်တိုဘာ ၁၁ ရက် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၀ယ်ဈေး ကျပ် ၁၅၈၀၊ ရောင်းဈေး ၁၅၉၅ ကျပ်ထိ စံချိန်တင်မြင့်တက်နေသည်။
ရွှေဈေးမှာမူ ဒေါ်လာဈေးမြင့်တက်မှုကြောင့် လိုက်ပါမြင့်တက်နေပြီး အခေါက်ရွှေဈေးမှာ အောက်တိုဘာ ၁၁ ရက် ညနေပိုင်း၌ ရန်ကုန်ဈေးကွက်နှင့် မန္တလေးဈေးကွက်တို့တွင် ၁၆ပဲရည် (အကယ်ဒမီ) တစ်ကျပ်သားဈေး ကျပ် ၁၀၁၅၀၀၀ ထိ မြင့်တက်နေသည်။
ဒေါ်လာ၊ ရွှေဝယ်ရောင်းသမားများ ဈေးကွက်ထဲ ပြန်ဝင်မှသာ ရွှေ၊ ဒေါ်လာဈေးကွက်ပြန်လည် လည်ပတ်နိုင်မည်ဖြစ်ပြီး လက်ရှိတွင် ဈေးကွက်ပျက်နေကြောင်း သိရသည်။
သတင်း -တိုးအောင် (မြန်မာ့မြေ)
#ThadinKabar
