Saturday, October 13, 2018

ရန်ကုန်တိုင်းက နစ်နာမှုများကို အဂတိတိုက်ဖျက်ရေးကော်မရှင်သို့ လွှတ်တော်အမတ်ဟောင်းတိုင်



ရန်ကုန်တိုင်း စာရင်းစစ်ချုပ် အစီအရင်ခံစာပါ နိုင်ငံတော်၏ နစ်နာမှုများကို ကျော်စောသတင်း သတ်မှတ်ကာ စစ်ဆေးပေးရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းက တိုင်ကြားလိုက်သည်။

အဆိုပါ နစ်နာမှုများကို ကော်မရှင်က စစ်ဆေးပေးရန် ယင်းတိုင်ကြားစာကို အောက်တိုဘာလ ၁၂ ရက်နေ့ က တိုင်ကြားလိုက်ခြင်းဖြစ်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူလည်းဖြစ်သူ ၎င်းက ဆိုသည်။

၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်း စာရင်းစစ်ချုပ်၏ အစီရင်ခံစာကို အခြေပြုပြီး နိုင်ငံတော်၏ ဆုံးရှုံးနစ်နာမှုများကို ထုတ်ဖော်တင်ပြတိုင်တန်းရခြင်းဖြစ်ကြောင်း ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် ရေးသားထားသည်။

“ဒီလိုနစ်နာမှု ဖြစ်ရစေခြင်းများဟာ လုပ်ပိုင်ခွင့်ရှိသူများရဲ့ အဂတိမကင်းတဲ့ ဥပဒေချိုးဖောက်မှုများကြောင့် ဖြစ်ပါတယ်” ဟု ဒေါ်ညိုညိုသင်းက ရေးသားထားသည်။

အစီရင်ခံစာတွင် ပါရှိသည့် ကြီးမားသည့် နစ်နာမှုတစ်ခုမှာ ၂၀၁၅ - ၂၀၁၆ ခုနှစ် ဘဏ္ဍာနှစ်အတွင်း လူပုဂ္ဂိုလ်တစ်ဦးကို ပေ ၄၀ ပေ ၆၀ အကျယ်အဝန်းမြေကွက်ကို သက်သာသည့် နှုန်းထားဖြင့် ရောင်းချ ထားကြောင်း၊ ယင်းအပြင် နာမည်ကျော် ပုဂ္ဂလိကလုပ်ငန်းရှင်အချို့ကို စီမံကိန်းအကြောင်းပြကာ မြေဧက ထောင်ချီ ပေးအပ်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

ထို့ကြောင့် နိုင်ငံတော်ဝင်ငွေ အနည်းဆုံး ၄၁ ဘီလီယံကျော် နစ်နာခဲ့သည်ဟု အစီရင်ခံစာတွင်ဖော်ပြကြောင်း ၎င်းက ရေးသားထားသည်။

ရွှေတိဂုံစေတီတော် အနောက်ဖက်မုဒ်၏ မျက်နှာချင်းဆိုင်တွင် ရှိသည့် ပြည်သူ့ဥယျာဉ်အတွင်းတွင် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုကို ကာလပေါက်ဈေးထက်များစွာ ဈေးလျှော့ပြီး ငှားရမ်းထားကြောင်း၊ ထို့ကြောင့် လစဉ် တစ်ဘီလီယံ နစ်နာနေကြောင်း ဒေါ်ညိုညိုသင်းက ပြောဆိုသည်။

ဗိုလ်တထောင်မြို့နယ်ရှိ ၄၅ လမ်းကစီမံကိန်းတစ်ခုတွင် နိုင်ငံတော်ကနစ်နာငွေ ၉ဒသမ၂ ဘီလီယံ ရှိ သည်ဟု အစီရင်ခံစာတွင် ဖော်ပြပြီး ဗဟန်းမြို့နယ်တွင် ငှားရမ်းထားသည့်မြေ ၁၅ ဧက အတွက် နှစ်စဉ် ၃ ဒသမ ၈�ဘီလီယံလည်း ဆုံးရှုံးနေကြောင်း၊ ကန်တော်ကြီး ကန်တော်မင်နဲ့ မြိုင်ဟေဝန် ဥယျာဉ်တို့တွင် လည်း နှစ်စဉ် ၂ ဘီလီယံ နစ်နာဆုံးရှုံးကြောင်း ၎င်းက ရေးသားထားသည်။

ယင်းဆုံးရှုံးမှုပမာဏသည်ရွှေ့ပြောင်းနေထိုင်မှုအများဆုံးဖြစ်ပြီး အိမ်ငှားခမြင့်မားလွန်းသည့် ရန်ကုန်မြို့က သာမန်ပြည်သူများအတွက် သိန်း ၁၀၀ တန် တန်ဖိုးနည်းတိုက်ခန်း ၂၅၀ဝ ခန့်ကို ကျန်ရှိသက်တမ်း သုံးနှစ် အတွင်းဆောက်လုပ်ချထားပေးနိုင်သည့်ပမာဏဖြစ်သည်ဟုလည်း ၎င်းက ပြောဆိုသည်။

ယင်းနစ်နာမှုများမှာ လုပ်ပိုင်ခွင့်ရှိသူတစ်ဦး သို့မဟုတ် တစ်ဖွဲ့က လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် ပုဂ္ဂလိက ကုမ္ပဏီများအား တည်ဆဲဥပဒေကို ချိုးဖောက်ပြီး အခွင့်အရေးပေးခဲ့မှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း ဒေါ်ညိုညိုသင်းက ဆိုသည်။

အစီရင်ခံစာက ခိုင်လုံသည့် အထောက်အထားဖြစ်သဖြင့် ကျော်စောသတင်းအဖြစ် ထင်ရှားကြောင်း ၎င်းက ပြောဆိုသည်။
#The Voice
#ThadinKabar