Saturday, October 13, 2018

ပုသိမ်၌ မီးရှူး၊ မီးပန်းများရောင်းချသည့်ဆိုင်အား ဝင်ရောက်ဖမ်းဆီး



ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၄)ရပ်ကွက်တွင် အောက်တိုဘာ ၁၀ ရက် ည ၇ နာရီခွဲခန့် က မီးရှူး၊ မီးပန်းများ ရောင်းချနေသည့်ဆိုင်အား ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

ပသိမ်ခရိုင် မူခင်းနှိမ်နင်းရေး ဌာနမှ ရဲတပ်ဖွဲ့ဝင်များ၊ ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဆောင်သောနယ်မြေ ရဲစခန်းမှရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဗြောက်အိုး၊ မီးရှူး၊ မီးပန်းရောင်းချနေသည့်လက်ကားဒိုင်ဖြစ်သော အမှတ် (၄)ရပ်ကွက် မင်းကြီးလမ်းနှင့် ဈေးချောင်းလမ်းထောင့်ရှိ နေပြည်တော်မှန်ဆိုင်အား ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ကြောင်း
အဆိုပါအဖွဲ့ထံမှ သိရသည်။

သတင်းအရ အဆိုပါဆိုင်အား ရှာဖွေရာဗြောက်အိုး၊ မီးရှူး၊ မီးပန်း၊ ရှူးဒိုင်းစသည့် ပစ္စည်းမျိုးစုံ၁၉ မျိုး ကာလတန်ဖိုးကျပ် ၂၈၈၈၅၀၀ နှင့် အတူပိုင်ရှင်ဖြစ်သူ ဦးအောင်နိုင်အား ဖမ်းဆီးခဲ့သည်။ဗြောက်အိုး၊ မီးရှူး၊ မီးပန်း စသည့် ပစ္စည်းများနှင့်အတူဖမ်းဆီးရမိသော ဦးအောင်နိုင်အား ပုသိမ်နယ်မြေရဲစခန်းက (ပ)၄၄၉/၂၀၁၈၊ ပြစ်မှုဥပဒေပုဒ်မ-၂၈၆ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ကမီးရှူး၊ မီးပန်း၊ ဗြောက်အိုး၊ မီးအိုး၊ ရှူးဒိုင်း၊ ပေသီး၊မီးပုန်းတို့အား ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊သိုလှောင်ခြင်း၊ ရောင်းချခြင်းနှင့် ပစ်ဖောက်ခြင်း၊ကောင်းကင်ပေါ်သို့ လွှတ်တင်ခြင်းများပြုလုပ်ပါကတည်ဆဲဥပဒေအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ဒေသန္တရအမိန့်အား ၂၀၁၈ ခုနှစ် အောက်တိုဘာ ပထမပတ်မှစတင်၍ ထုတ်ပြန်ထားကြောင်းပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။
#Crd…
#ThadinKabar