Tuesday, October 16, 2018

မြိုင်ကြီးငူဆရာတော်ဘဒ္ဒန္တ သုဇန၏ အန္တိမဈာပနအခမ်းအနားအား နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ကျင်းပမည်


ကရင်ပြည်နယ်၊ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တသုဇန၏အန္တိမဈာပနအခမ်းအနား ဖြစ်မြောက်ရေးအတွက်ဘေသဇ္ဇမုနိကြေးသွန်းဘုရားတွင်အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၁၁နာရီ ၄၅ မိနစ်အချိန်ခန့်ကညှိနှိုင်းအစည်းအဝေးတစ်ရပ်ကိုကျင်းပသည်။

အစည်းအဝေးကိုနမောတဿ(၃)ကြိမ်ရွတ်ဆိုကန်တော့၍ဖွင့်လှစ်ပြီး မြိုင်ကြီးငူတိုက်အုပ်စာချဆရာတော် ဘဒ္ဒန္တဉာဏိက၊ ဇွဲကပင်တောင်ဆရာတော် ဘဒ္ဒန္တကဝိဓဇတို့ကအန္တိမ ဈာပနဖြစ်မြောက်ရေးအတွက် သြ၀ါဒကထာ မိန့်ကြားတော်မူပြီးကမ်းနီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိစာရကဈာပနကျင်းပပြုလုပ်မည့် ရက်မြတ်သတ်မှတ်ရန်၊ အခမ်းအနားအားစနစ်တကျပြင်ဆင်ရန်နှင့်စည်ကားသိုက်မြိုက်စွာကျင်းနိုင်ရေးမိန့်ကြားဆွေးနွေးကာကရင်ပြည်နယ်အစိုးရအဖွဲ့၊ မွန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဦးမင်းတင်ဝင်းကဆရာတော်ဈာပနအခမ်းအနားအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ကိုယ်စားတက်ရောက်ခြင်းဖြစ်ကြောင်း၊ ဈာပနဖြစ်မြောက်ရေး အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်ကူညီဆောင် ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဝန်ကြီးချုပ်ကိုယ်တိုင် ငွေကျပ်သိန်း(၃၀၀)လာရောက်လှူဒါန်းမည်ဖြစ်ကြောင်း၊ ရွှေသံလွင်ကုမ္ပဏီဒါရိုက်တာဦးမောင်မောင် မှ ၎င်းတို့ကုမ္ပဏီအနေဖြင့် ဆရာတော်ဈာပနအတွက် ငွေကျပ်သိန်း (၁၀၀၀)နှင့် စတုဒီသာထမင်း၊ ဟင်းများကျွေးမွေးသွား မည်ဖြစ်ကြောင်း ၊ ပြည်နယ် သာသနာရေးမှူးဦးအောင်ကြည် မှ ဆရာတော်ဈာပနတွင် သီတဂူဆရာတော်ကြီး၏ တရားပွဲအားထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်းနှင့် အခမ်းအနားအားပါဝင်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊နယ်ခြားစောင့်တပ်ဗိုလ်မှူးကြီးစောချစ်သူကဆရာတော်သည် မိမိတို့၏ကျေးဇူးရှင်ဖြစ်၍ ဈာပနအားတခမ်းတနားကျင်းပ သွားမည်ဖြစ်ကြောင်း၊ ဈာပနကျင်းပမည့်ရက်အား (၁)လကျော်သတ်မှတ်ပေးစေလိုကြောင်း၊အမှတ်(၁၀၂၂)နယ်ခြားစောင့်တပ်မှူးဗိုလ်မှူးမုတ်သုံကဈာပနကာလအတွင်း မြတ်ပန်းဝတ်မှုံခန်းမတွင် ဓမ္မသဘင်(၈)ရက်အတွက် ဓမ္မပူဇာငွေ (၃၈)သိန်းကျပ်ကျခံလှူဒါန်း လိုကြောင်း၊ ရွှေသံလွင် ကုမ္ပဏီဒါရိုက်တာဦးမောင်မောင်က ပြဿဒ်ဆောက်ရန် အချိန်ကြာမြင့်မည်ဖြစ်သဖြင့် သံဃာတော်များမှ ကော်မတီဖွဲ့ သီးခြားဆောင်ရွက်ရန်လိုကြောင်းအသီးသီးဆွေးနွေးခဲ့ကြကာဆရာတော်၏ အန္တိမဈာပနရက်မြတ်အား ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ကိုသတ်မှတ်ပြီး အန္တိမဈာပနကျင်းပနိုင်ရေး လုပ်ငန်းကော်မတီများအားဖွဲ့စည်းနိုင်ရေးအတွက်ပဏာမရွေးချယ်မှုများပြုလုပ်ပြီးဗုဒ္ဓသာသနံစံရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်

အစည်းအဝေးသို့ ဇွဲကပင်တောင်ဆရာတော် ဘဒ္ဒန္တ ကဝိဓဇ၊ သုမေဓာရာမကြားတောရကျောင်းဆရာတော် ဘဒ္ဒန္တ စန္ဒာဝရ၊ သရက်တောကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ကေသရိန္ဒ၊ သီရိမဏ္ဍိုင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ တေဇောဘာသ၊ ကမ်းနီကျောင်းဆရာတော် ဘဒ္ဒန္တ ဝိစာရ၊ မြတ်မင်္ဂလာကျောင်းဆရာတော် ဘဒ္ဒန္တ ပညာဝံသ၊ မြိုင်ကြီးငူတိုက်အုပ်ဆရာတော် ဘဒ္ဒန္တဉာဏိကပါ ဆရာတော်(၃၅)ပါး၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ မွန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဦးမင်းတင်ဝင်း၊ပအိုဝ်းတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဦးခွန်မျိုးတင့်၊ပြည်နယ်သာသနာရေးဦးစီးမှူးဦးအောင်ကြည် နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ လှိုင်းဘွဲမြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းသိန်းနှင့် ဌာနဆိုင်ရာများ၊အမှတ်(၄)စစ်ဆင်ရေးအထူးအဖွဲ့မှူးဒုဗိုလ်ချုပ်ကြီအောင်းစိုး၊အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် မျိုးမိုးအောင်၊နယ်ခြားစောင့်တပ်များဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ဥက္ကဋ္ဌဗိုလ်မှူးကြီးစောထွန်းလှိုင်၊ဒုဥက္ကဋ္ဌဗိုလ်မှူးကြီးစောဖားနွီး၊အထွေထွေအတွင်းရေးမှူးဗိုလ်မှူးကြီးစောချစ်သူ၊အဖွဲ့ဝင်ဒုဗိုလ်မှူးကြီးစောကျော်ထူးနှင့်တပ်ဖွဲ့ဝင်များ၊ တပည့် ဒါယကာ/ ဒါယိကာမများ၊ စုစုပေါင်း(၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

 #သတင်းကမ္ဘာ