Tuesday, October 16, 2018

ဘားအံမြို့တွင်မီးရှူး မီးပန်း ဗျောက်အိုးရောင်းချသူများကို အမှုဖွင့်အရေးယူထား




ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အောက်တိုဘာလ ၁၅ ရက် ညနေပိုင်းက မီးရှူး မီးပန်း ဗျောက်အိုးများ သိမ်းဆည်းရမိခဲ့ပြီး လက်ဝယ်တွေ့ရှိသူများကို အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

အောက်တိုဘာလ ၁၅ရက်နေ့ ညနေပိုင်းကဘားအံမြို့မရဲစခန်း နယ်ထိန်းခေါင်း ဆောင်ဒုရဲအုပ်အောင်မျိုးကျော်ဦးစီးသည့် နယ်ထိန်းတပ်ဖွဲ့ဝင်များနှင့် ဘားအံခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့မှ ဒုရဲအုပ်ပုလဲမြဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် သက်သေ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်ဦးအောင်မြင့် အမှတ်(၅)ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမြင့်သန်း တို့နှင့်အတူ ဘားအံမြို့ပေါ်ရပ်ကွက်များအတွင်း မီးရှူး/မီးပန်း/ဗျောက်အိုးများရောင်းချနေကြောင်းသတင်းအရ လိုက်လံစုံစမ်း ရှာဖွေ စစ်ဆေးခဲ့ရာ ညနေ ၄နာရီ၅၀မိနစ် အချိန်တွင် ဘားအံမြို့အမှတ်(၉)ရပ်ကွက်၊ ခိုင်ရွှေဝါ(၅)လမ်းနေ မရီရီသန့် (၃၄-နှစ်)ထံမှမီးရှူး/မီးပန်း/ဗျောက်အိုး(၇)မျိုးကိုလည်းကောင်း၊ ညနေ ၅ နာရီ ၁၅မိနစ် အချိန်တွင်အမှတ်(၉)ရပ်ကွက် ၊ဇွဲကပင်(၁)ကုန်းနေ ဦးသန်းထွန်း(၄၇-နှစ်)ထံမှမီးရှူး/မီးပန်း/ဗျောက်အိုး(၅)မျိုးကို လည်းကောင်း ညနေ ၅ နာရီ မိနစ် ၄၀အချိန်တွင် အမှတ်(၁)ရပ်ကွက် ပဒုမ္မာလမ်းနေ မသဲအိအိလှိုင် (၃၀နှစ်)ထံမှမီးရှူး/မီးပန်း/ဗျောက်အိုး(၆)မျိုးကိုလည်းကောင်းအသီးသီး သိမ်းဆည်းရမိခဲ့သဖြင့်ဘား အံမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

မင်းသူ(ဘားအံ)