Saturday, October 13, 2018
ကျပ်သိန်းတစ်သောင်းခွဲဆုကြေးပေးအပ်မည့် အောင်ဘာလေထီကို လာမည့်နှစ်ဖေဖော်ဝါရီလ တွင်စတင်ရောင်းချရန်စီစဉ်နေ
ကျပ်တစ်ထောင်ဖြင့်ရောင်းချရန်စီစဉ်ထားသည့် အောင်ဘာလေထီကို ဆုကြေးငွေ သိန်းတစ်သောင်းငါးထောင်အထိတိုးမြှင့်ပေးမည်ဖြစ်ပြီးလာမည့်နှစ်ဖော်ဖော်ဝါရီလတွင်စတင်ရောင်းချနိုင်ရန်မျှော်လင့်ထားသည်ဟု ပြည်တွင်းအခွန်ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်ကဆိုသည်။
နေပြည်တော်ပြည်တွင်းအခွန်ရုံးတွင်ပြုလုပ်သောယခုနှစ်အတွက် ပြည်ထောင်စုအခွန်အကောက်ဆိုင်ရာဥပဒေအကြောင်းသတင်းရှင်းလင်းပွဲတွင် ပြည်တွင်းအခွန်ညွှန်ကြားရေးမှူးချုပ် ကပြောကြားခဲ့ခြင်းဖြစ်သည်။
“အခုကျနော်တို့က ၂၀၁၉ ဖေဖော်ဝါရီလတစ်ရက်နေ့လောက်ကစပြီး တစ်ထောင်တန်အောင်ဘာလေထီရောင်းဖို့ မျှော်လင့်ထားပါတယ်"ဟုမီဒီယာများ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
အောင်ဘာလေထီလက်မှတ်တစ်စောင်လျှင် ကျပ်(၂၀၀)ဖြင့်ရောင်းချစဉ်အချိန်တွင် နိုင်ငံတော်အတွက်အခွန်(၄၀)ဘီလီယံခန့်အများဆုံးရရှိခဲ့ပြီး ထီလက်မှတ်တစ်စောင်လျှင် ကျပ်(၅၀၀)ဖြင့်ပြောင်းလဲရောင်းချချိန်၌အခွန်ဘီလီယံတစ်ရာအထိတိုးမြှင့်ရရှိခဲ့သည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှသိရသည်။
ကျပ်တစ်ထောင်တန်ထီလက်မှတ်များတွင်ဆုကြီးသာမက ထီဆုအသေးများကိုလည်း ပေါက်မဲအရေအတွက်များတိုးမြှင့်သွားရန်စီစဉ်ထားကြောင်းသိရသည်။
အောင်ပြည့်စုံ
#ThadinKabar
