Saturday, October 13, 2018

မိုက်ကရိုဝေ့ထဲ ပေါက်ပေါက်ရှာရှာတွေ လာထည့်နွှေးလို့ စိတ်ညစ်နေရတဲ့ စတိုးဆိုင်ပိုင်ရှင်



ယခုရက်သတ္တပတ် အတောအတွင်း ဖလော်ရီဒါပြည်နယ်မှာ ထူးဆန်းတဲ့ သတင်းတစ်ခု တက်လာပါတယ်။ အဲဒါကတော့ စတိုးဆိုင်ပိုင်ရှင်တစ်ဦးက ဖော်ပြလာတဲ့ သတင်းပါ။ သူမ ပြောပြထားတာက အချို့ဈေးဝယ်သူတွေဟာ ဆိုင်ထဲက မိုက်ကရိုဝေ့မီးဖိုထဲမှာ ဆီးဘူးတွေ လာထည့်ပြီး နွှေးကြပါတယ်တဲ့။ ပုံမှန်အနေနဲ့ မိုက်ကရိုဝေ့ထဲမှာ ပေါင်မုန့်၊ ထမင်းဟင်းနဲ့ ခေါက်ဆွဲလို အစားအသောက်တွေသာ ထည့်နွေးကြပေမယ့် အခုအဖြစ်ကတော့ အံ့အားသင့်စရာပါ။



ဆိုင်ပိုင်ရှင် ပါရူးက “အခုလို ကြားရတာ ရှင်တို့အကြားမှားတာ မဟုတ်ပါဘူး။ ကျွန်မ တကယ်ပြောတာပါ။ နေ့တိုင်းလိုလိုပဲ လူတွေက ဆိုင်ထဲ လာလာပြီး ဆေးစစ်ဖို့ ယူသွားမယ့် ဆီးဘူးတွေကို မိုက်ကရိုဝေ့ထဲ လာလာထည့်နွှေးကြတယ်။ ဘယ်လိုမှန်း မသိဘူး” လို့ဆိုပါတယ်။



ဖြစ်နိုင်တာတစ်ခုက လူတွေဟာ ဆီးစစ်တာ ဆေးအောင်ဖို့အတွက် လှည့်ကွက်တစ်ခုအနေနဲ့ မိုက်ကရိုဝေ့ကို အသုံးပြုကြတယ်လို့ ယူဆရပါတယ်။ ဆီးစစ်တဲ့အခါ ဆေးစစ်ချက်အဖြေ မှန်မှန်ကန်ကန် ထွက်လာဖို့ ဆီးအပူချိန်ဟာ သတ်မှတ်ထားတဲ့ အပူချိန်တစ်ခု ဖြစ်ရပါတယ်။ ပုံမှန်အပူချိန်ကတော့ (၉၈.၆) ဒီဂရီ ဖာရင်ဟိုက် ရှိပါတယ်။ ဒါကြောင့် ဆီးကို ပုံမှန်ထက် အပူချိန်လွန်ကဲအောင် ပေးပြီး ဓာတ်ပြယ်စေဖို့ ဈေးဝယ်သူတွေက ဆိုင်ရှင် ပါရူးရဲ့ မိုက်ကရိုဝေ့ကို အသုံးပြုကြပုံ ပေါ်ပါတယ်။


တစ်ခါမှာလည်း အမျိုးသမီးတစ်ဦးက မိုက်ကရိုဝေ့ထဲ သူမရဲ့ ဆီးဘူး ထည့်နွှေးနေတာတွေ့တော့ ဆိုင်ရှင်ပါရူးက ပြောဆိုလိုက်ရာမှာ စာကပ်ထားလို့လား၊ ဘာလားနဲ့ နှစ်ယောက်သား အချေအတင် စကားများ ခဲ့ကြပါသေးတယ်။ ဒီနောက်မှာတော့ ပါရူးဟာ စတိုးဆိုင်လာသူတွေအနေနဲ့ အစားအသောက်တွေကလွဲရင် တခြားဟာတွေ အထူးသဖြင့် ဆီးဘူးတွေထည့် မနွှေးကြဖို့ စာရေးပြီး ကပ်ထားခဲ့ရတဲ့အထိ ဖြစ်ခဲ့ရပါတော့တယ်။

လင်းလင်း (ShweMom)
Ref: Shared
#ThadinKabar