Wednesday, October 17, 2018

ရန်ကုန်မြို့တွင်း လမ်းဘေးယာဉ်ရပ်နားမှုမှ တကယ်ပဲပြည်သူ့ဘဏ္ဍာငွေအဖြစ် အကောင်အထည်ပေါ်တော့မည်လား



ရန်ကုန် မြို့တွင်း Down Town မြို့နယ်များ၌ လမ်းဘေးယာဉ် ရပ်နားမှု ကားတစ်စီး တစ်နာရီ ငွေကျပ်၂ဝဝ နှုန်း ကောက်ခံ မှုကို စတင်တော့မည်ဖြစ်ကြောင်း ပြ်ီးခဲ့သော စက်တင်ဘာ ၂၅ ရက်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။ 

အဆိုပါ လမ်းဘေးယာဉ် ရပ်နားမှုမှ ငွေကျပ် ၂ဝဝ နှုန်းကောက်ခံမှုနှင့်ပတ်သက်၍ ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်၌ ဆွေးနွေးမေးမြန်းမှုများရှိခဲ့သလို ပြည်သူများကြားတွင်လည်း တိကျသော အဖြေမှန်ထွက်လာမှု ကို မသိကြသေး၍ ပြည်သူများကြား ယနေ့တိုင် စိတ်ဝင်စားလျက် ရှိသည်။

ယင်းလမ်းဘေးယာဉ်ရပ်နားရာတွင် ငွေကျပ် ၂ဝဝ ကောက်ခံမှုနှင့် ပတ်သက်၍ ပြီးခဲ့သော ဒုတိယအကြိမ် ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၉ ရက် မြောက်နေ့တွင် ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက အမည်တပ်လမ်းမ ကြီးများတွင် ကားပါကင်ကြေးကောက်ခံမည့်ကိစ္စနှင့်ပတ်သက် ၍ စနစ်တကျလည်းဖြစ်၊ ပြည်သူလည်းအဆင်ပြေစေရန် မည်သို့ အစီအမံဆောင်ရွက်သွားမည်ကို လွှတ်တော်မှတစ်ဆင့် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီသို့ မေးမြန်းခဲ့သည်။

ယင်းမေးမြန်းမှုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် က ''အောက်တိုဘာ ၁ ရက်မှာ ကားပါကင်စတင်ကောက်တော့ မယ်ဆိုတဲ့ သတင်းကြားကတည်းက လွှတ်တော်တင်ထားခဲ့တယ်။ လွှတ်တော်မစခင် ၁ဝ ရက်ကတည်းက တင်ထားတဲ့ မေးခွန်း၊ ငါးရက်အလိုမှာ စာရောက်လာတယ်။ မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ တင်ဒါအောင်ကုမ္ပဏီတွေက ကောက်သွားမယ်။ ဒီဇုန်၊ ဒီဇုန် ဒါပဲပါတယ်။ ဘယ်လို စီမံခန့်ခွဲပြီး ကောက်မယ်၊ ဘယ်လိုစနစ်တကျလုပ်မယ်ဆိုတာ မသိရဘူး။ ကားပါကင်ကြေး ကတော့ ကောက်ရမယ်ဆိုတာ လက်ခံတယ်။ ဒါပေမယ့် ပြဿနာ က ငွေကျပ် ၂ဝဝ ကောက်တယ်ပေါ့။ ဒါပေမယ့် အခုချိန်ထိ ကား ပါကင်လိုင်းဆွဲထားတာ မရှိဘူး။ စတင်ကတည်းက စနစ်တကျ စီမံခန့်ခွဲပြီးတော့ နိုင်ငံတကာလို ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်မယ်ဆိုတာမျိုးမရှိသလို သတ်မှတ်မျဉ်းတောင် ဆွဲမထား သေးဘူး။ ဒါကို တင်ဒါအောင် ကုမ္ပဏီက လာရောက်ကောက် တော့မယ်ဆိုတော့ ဘာကာကွယ်မှုပေးမှာလဲ။ တာဝန်ယူမှု၊ တာဝန်ခံမှုက ဘယ်မလဲ။ ဒါကြောင့် ပြည်သူကိုယ်စား လွှတ်တော် မှာ မေးမြန်းခဲ့တာပါ''ဟု ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ကားပါကင်ကြေးမှာ ၁ နာရီ ငွေကျပ် ၂ဝဝ နှုန်းဖြင့် ရန်ကုန်မြို့ တွင် Down Town မြို့နယ်များ၌ နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ကောက်ခံမည်ဖြစ်ပြီး ယင်းသတ်မှတ်အချိန်ကာလ ကျော်လွန်ပါက အခမဲ့ယာယီရပ်နားခွင့်ရမည်ဟုလည်း သိရ သည်။ ယာဉ်ရပ်နားကန့်သတ်ဇုန်(၈)ဇုန်သတ်မှတ်၍ လမ်းမကြီး များနှင့် အမည်တပ်လမ်းများတွင် ကောက်ခံရန် ဈေးပြိုင်တင်ဒါ ခေါ်ယူခဲ့ရာ ဇုန်သုံးခု တင်ဒါအောင်မြင်ခဲ့ပြီး ကျန်ဇုန်ငါးခုမှာ ဈေးပြိုင်တင်ဒါ ဆက်လက်ခေါ်ယူထားဆဲဖြစ်သည်။ ရန်ကုန်မြို့ တွင် ကားပါကင်ပြဿနာ နေရာတိုင်းလိုလိုတွင်ရှိနေသကဲ့သို့ ကားပါကင်ကြေး ပြန်လည်ကောက်ခံမှုကြောင့် ကိုယ်ပိုင်နေအိမ် ရှေ့၊ ရုံးခန်းရှေ့များတွင် ရပ်နားထားသော ကိုယ်ပိုင်ကားများမှာ တစ်နာရီလျှင် ငွေကျပ် ၂ဝဝ နှုန်း စရိတ်တက်နေမည့်ကိစ္စမှာ ပြည်သူများကြား ဝိရောဓိဖြစ်နေဆဲဖြစ်သလို၊ ဝေဖန်မှုများလည်း မြင့်တက်လျက်ရှိသည်။
''ရန်ကုန်မြို့တွင်း အများပိုင်နေရာ၊ ပြည်သူပိုင်နေရာတွေမှာ ကိုယ့်မြေနေရာလို ရပ်ပိုင်ခွင့်မရှိဘူး။ ဒါ လူတိုင်းသိတယ်။ အခုချိန် မှာ စဉ်းစားသင့်တာက ဆီဈေးတွေတက်၊ ဒေါ်လာဈေးတွေတက်။ ပြည်သူတွေ စိတ်အနှောင့်အယှက်ဖြစ်နေတဲ့အချိန်၊ တစ်လ မကောက်လို့ ဘာဖြစ်လဲ၊ ပြည်သူတွေနဲ့ ညှိနှိုင်းဆွေးနွေး တိုင်ပင် ပြီးမှ လုပ်သင့်တယ်လို့ထင်တယ်။ အဲဒီလိုမဟုတ်တော့ ကျွန်မ တို့အနေနဲ့ ပြည်သူတွေမေးရင် ဘယ်လို ဖြေရမှန်းမသိဘူး''ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောသည်။
ရန်ကုန်မြို့တွင်း ကိုယ်ပိုင်ကားများ နာရီနှင့်အမျှ ငွေကျပ် ၂ဝဝ စရိတ်တက်နေမည့်ကိစ္စ သီးခြားပြန်လည်စဉ်းစားပေး မည်ဖြစ်ကြောင်း၊ ကားပါကင်ကြေးကောက်ခံမှုကိုလည်း နံနက် ၈ နာရီမှ ညနေ ၆ နာရီကြားဖြစ်ပြီး တစ်နေကုန် ကားရပ်နားထား မှုအခြေအနေများကို ပြန်လည်စဉ်းစားပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်စိုးက လွှတ်တော်၌ ပြန်လည်ဖြေကြားခဲ့သည်။
ယခင်ပြီးခဲ့သော လေးနှစ်အတွင်း ရန်ကုန်မြို့တွင်း ကားပါကင် ကြေးကောက်ခံမှုကို သက်ဆိုင်ရာက တရားဝင်ရပ်ဆိုင်းခဲ့သော် လည်း တချို့နေရာများ၌ ဆက်လက်ကောက်ခံနေဆဲဖြစ်သည်။ ယင်းကောက်ခံမှုနှင့်ပတ်သက်ပြီး တရားမဝင်ကြောင်း သက်ဆိုင်ရာက ကြေညာခဲ့သော်လည်း ရန်ကုန်မြို့တွင်း မြို့နယ် အချို့တို့တွင် ကောက်ခံနေမှုများကို တွေ့မြင်နေရကြောင်း သိရ သည်။ ယခု ကားပါကင်ကြေးကောက်ခံမှုသည် ပြည်သူလူထု နစ်နာမည်ဟုဆိုသော်လည်း အမှန်တကယ်ကောက်ခံသည့် ငွေကြေးမှာ ယခင်ကောက်ခံနေသည့် နှုန်းထားအတိုင်းဖြစ်နေ၍ လူထုမနစ်နာဘဲ ပြည်သူ့ဘဏ္ဍာအဖြစ် အသုံးပြုသွားမည် ဖြစ်ကြောင်း မြို့တော်ဝန်က ဆက်လက်ပြောကြားသည်။

ယနေ့ စီးပွားရေးအချက်အချာကျသော ရန်ကုန်မြို့ကြီး တွင် ကားတင်သွင်းမှု မူဝါဒမှာ အမျိုးမျိုးဖြစ်နေသကဲ့သို့ ကား ပါကင်အခက်အခဲနှင့် ကားပါကင်နေရာလုမှုများကြောင့်လည်း ခိုက်ရန်ဖြစ်ပွားမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိသည်။ ပြည်သူ ပိုင် လမ်းမကြီးများပေါ်တွင် ကားများစနစ်တကျ ရပ်နားထား မှုများ မရှိသကဲ့သို့ ဦးရာလူစနစ်၊ စည်းကမ်းမရှိ အပြိုင်ခေါင်းထိုး ထားမှုများကိုလည်း သက်ဆိုင်ရာ ယာဉ်ထိန်းများအနေဖြင့် ထိထိရောက်ရောက် အရေးယူပေးသင့်ကြောင်း အငှားယာဉ် မောင်း ဦးမောင်မြင့်က ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ယာဉ်များနှင့် ပတ်သက်၍ သူ၏အမြင်ကို ပြောသည်။ ။

 source;myanmaalinn

 #သတင်းကမ္ဘာ