Wednesday, October 17, 2018

မန္တလေးတိုင်းဒေသကြီးအတွင်း ငွေကျပ် ၈၈၃၅ သန်း သုံးစွဲ၍ ၀န်ထမ်းအိမ်ရာ အခန်းပေါင်း ၅၃၀ တည်ဆောက်ပေးသွားမည်



မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေမှ ငွေကျပ်သန်းပေါင်း ၈၈၃၅ သန်း သုံးစွဲ၍ မြို့နယ် ၁၄ မြို့နယ်အတွင်း ၀န်ထမ်းအိမ်ရာအခန်းပေါင်း ၅၃၀ ကို တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဦးသက်နိုင်မှ ပြောကြားသည်။

ယခုဘဏ္ဍာနှစ်တွင် တည်ဆောက်မည့် ၀န်ထမ်းအိမ်ရာ တိုက်ခန်း များမှာ အများဆုံး တစ်တိုက်လျှင် လေးခန်းတွဲ လေးထပ်ပါ တိုက်အလုံးပေါင်း ၃၅ လုံးကို မတ္တရာ၊ မြစ်သား၊ စဥ့်ကိုင်၊ သာစည်၊ မလှိုင်၊ ၀မ်းတွင်း၊ မြင်းခြံ၊ ငါန်းဇွန်၊ ပျော်ဘွယ်၊ ပုသိမ်ကြီး၊ ပြင်ဦးလွင်၊ တံတားဦး၊ အမရပူရနှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် တည်ဆောက်မည်ဖြစ်သည်။

''၀န်ထမ်းအိမ်ရာတည်ဆောက်ဖို့ အောက်တိုဘာ ၈ ရက်နေ့ကစပြီ တင်ဒါခေါ်ထားပါတယ်။ ပြီးခဲ့တဲ့ ခြောက်လ ဘက်ဂျတ်မှာလည်း မြို့နယ် ၈ မြို့နယ်မှာ ၀န်ထမ်းအိမ်ရာ ၂၄၈ ခန်းကို ဆောက်လုပ်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ဌာနအနေနဲ့ တိုင်းဒေသကြီးအတွင်းမှာ ပြီးခဲ့တဲ့ ဘတ်ဂျက်အထိ ၀န်ထမ်းအိမ်ရာ အခန်းပေါင်း ၃၀၀၆ ခန်း ဆောက်လုပ်ပေးခဲ့ပြီး ယခု တည်ဆောက် မယ့် အခန်းပေါင်း ၅၃၀ ပါထည့်တွက်ရင် ၂၀၁၈-၂၀၁၉ ဘတ်ဂျက်အပြီးမှာ အိမ်ခန်းပေါင်း ၃၅၃၆ ခန်း ဆောက်လုပ်ပြီးစီးမှာ ဖြစ်တဲ့အတွက် လက်ရှိတိုင်းဒေသကြီး အတွင်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ၀န်ထမ်းအရေအတွက်နဲ့ နှိုင်းယှဉ်ရင် ၆ ဒသမ ၃၀ ရာခိုင်နှုန်းထိ ၀န်ထမ်းများအတွက် အိမ်ရာတွေ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ် '' ဟု ၄င်းက ပြောသည်။
လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်ဖြင့် ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းကျေးရွာရှိ အောင်မြေမန္တလာ ၀န်ထမ်းအိမ်ရာ စခန်းတွင် တည်ဆောက်ပြီးစီးခဲ့သည့် ၀န်ထမ်း အိမ်ရာ တိုက်ခန်းပေါင်း ၂၆၀ တွင် နေထိုင်ခွင့်ရရှိသူများအား ရွေးချယ်ထားပြီး ဖြစ်သည့်အပြင် ပြည်ထောင်စုအစိုးရ ဘတ်ဂျက်ဖြင့် ဆောက်လုပ်နေသည့် ၀န်ထမ်း အိမ်ရာအခန်းပေါင်း ၂၄၀ သည်လည်း မကြာမီ ပေါ်ထွက်လာတော့ မည်ဖြစ်ရာ မန္တလေး ခရိုင်အတွင်း တာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းများအတွက် အောင်မြေမန္တလာ ၀န်ထမ်းအိမ်ရာ စခန်းရှိ အိမ်ခန်းပေါင်း ၅၀၀ တွင် တစ်စုတစ်ဝေးတည်း နေထိုင်ခွင့် ရရှိကြတော့မည်ဖြစ်ကြောင်း သိရသည်။

''တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးတွေ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းကျေးရွာမှာရှိတဲ့ အောင်မြေမန္တလာ အိမ်ရာတွေကို လာရောက်ကြည့်ရှုပြီး ၀န်ထမ်းများနေထိုင်မယ့် အိမ်ရာတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့တဲ့အပြင် အရောင်းအိမ်ရာတွေ အကောင် အထည်ဖော်တည်ဆောက်ဖို့ အတွက်လည်း အတည်ပြုပေးနိုင်ဖို့ ကြိုးစားဆောင်ရွက်နေပါတယ်'' ဟု ၄င်းက ဆက်လက်ပြောဆိုသည်။

ပုသိမ်ကြီးမြို့နယ်ရှိ အောင်မြေမန္တလာ ၀န်ထမ်းအိမ်ရာများတွင် ကွန်ကရစ်လမ်းများ လျှပ်စစ်မီးနှင့် ရေသုံးစွဲရန် အတွက် လည်း မြေအောက်ရေနှင့် ဆည်တော်ကြီးရေကို ပြန်လည်သန့်စင်ပြီး ဖြန့်ဝေပေးသည့် စနစ်ဖြင့် အပြည့်အစုံ ဆောင်ရွက် ပေးထားသည့် အပြင် မကြာမီကာလအတွင်း ၀န်ထမ်းများ အငြိမ်းစားယူသွားပါက အိမ်ရာပိုင်ဆိုင်နိုင်ရေးအတွက် အရောင်း အိမ်ရာများ တည်ဆောက် သွားနိုင်ရန်အတွက်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အတည်ပြု ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ 

 source;myanmaalinn

 #သတင်းကမ္ဘာ