Friday, October 12, 2018

ကိုယ့်လက်ထဲက အိမ်တွင်းသူခိုး



“လူလိမ်က နဖူးမှာ ကျွန်တော်လူလိမ်ပါလို့ ရေးမထားပါ။ ငွေမပေးခင် ကိုယ့်ဘာသာ ဆန်းစစ်ပါ။ အကြွေးလုံးဝမရောင်းပါ။ ပိုက်ဆံပေးမှ Items ပေးမည်။ ကိုယ့်ဘာသာ အလိမ်မခံရအောင် ဂရုစိုက်ပါ”
ယနေ့ခေတ် အွန်လိုင်းပေါ်တွင် အထက်ပါစာများကို ဖတ်မိပါက Online  Shopping လုပ်ငန်းတစ်ခုခုမှ တင်ထားသည်ဟု မထင်ပါနှင့်။ ယင်းမှာ လူငယ်များအကြား လည်ပတ်လုပ်ကိုင်နေကြသည့် ဂိမ်း Items များရောင်းချသော Facebook  Group များ Page များတွင် တွေ့ရနိုင်သည့် သတိပေးချက်များဖြစ်သည်။

ယနေ့ခေတ် နည်းပညာရေစီးကြောင်းနှင့်အတူ ဖဝါးထပ်ချပ်မကွာ လိုက်ပါဖွံ့ဖြိုးလာနေသည်က အမျိုးအစားစုံလင်လှသည့် ဗီဒီယိုဂိမ်းများဖြစ်သည်။

ကွန်ပျူတာဂိမ်း၊ Console ဂိမ်းနှင့် မိုဘိုင်းလ်ဖုန်း ဂိမ်းအမျိုးမျိုးတို့သည် နေ့စဉ် အရွယ်အစားမျိုးစုံသော ဂိမ်းဝါသနာရှင်များနှင့် ထိတွေ့လာကြသည်။ အထူးသဖြင့် DoTA 2၊ Fortnite၊  PUBG၊ CS Go၊ Mobile Legends  CoC စသည့် အင်တာနက်အခြေပြုဂိမ်းများမှာ လူငယ်များအကြား ပို၍ ရေပန်းစားလာသည်။


“ဂိမ်းတွေက ဆော့ရင်း အရှိန်တက်လာအောင် ဖန်တီးထားတာ။ ဂိမ်းထုတ်သူကလည်း အဲဒီအခြေအနေမှာ Items တွေ Power တွေ အသက်တွေ ဝယ်ဆော့ချင်လာအောင် လုပ်ထားပြီးသား။ ဒီတော့ ဆော့ရင်း ဆော့ရင်း အားမရနိုင်ဖြစ်လာပြီး ဝယ်မိကုန်ရော” ဟု ကိုနိုင်လင်းဦးက ဆိုသည်။

သူက ဒီကနေ့ခေတ် မြန်မာလူငယ်များနည်းတူ DoTA 2 ကို အသည်းအသန် ဝါသနာကြီးကြီးဆော့ကစားသူ ဒုတိယနှစ်ရူပဗေဒကျောင်းသားတစ်ဦးဖြစ်သည်။

DoTA 2 စတင်ဆော့ကစားစဉ်က သာမန်အပျင်းပြေရုံသာ ဖြစ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပို၍ ဝါသနာကြီးသူများက မိမိတို့နှစ်သက်ရာ ဂိမ်းကစားနည်းများတွင် ပိုမြင့်မားသောအဆင့်များကိုရောက်ရန် ကြိုးပမ်းလာကြသည်။

ယခုမှ စဆော့ဖူးသူများကလည်း ရှေ့ကဝါရင့် သမ္ဘာရင့်များနှင့် ရင်ပေါင်တန်း ဆော့ချင်လာကြပြန်သည်။



ဤသို့နှင့်ပင် သက်ဆိုင်ရာဂိမ်းအလိုက် လိုအပ်သည့် Power များ၊ Ability များ၊ Artifacts များနှင့် Items များကို ရောင်းချသည့် လုပ်ငန်းများသည် ဈေးကွက်တောင်းဆိုမှုအရ အွန်လိုင်းပေါ်တွင် ပေါ်ပေါက်လာခဲ့တော့သည်။


“Items တွေ ဝယ်ကစားရတာက ပိုက်ဆံကုန်တာမှန်ပေမယ့် စမိရင် မဆုံးတော့ဘူး။ အရသာသိသွားတာကိုး။ မူရင်းဂိမ်းကုမ္ပဏီတွေက နဂိုပေးထားတဲ့ Ability တွေထက် ဝယ်သုံးတဲ့ Items တွေမှာ ထည့်ပေးထားတွေ Feature တွေ Skills တွေက အများကြီးပိုကောင်းတော့ တစ်ခါဝယ်ဆော့မိရင် နောက်ထပ်ဒီလို ကောင်းတာလေးတွေမြင်ရင် ဝယ်ချင်လာပြန်ရော။ အဲ့ဒါနဲ့ပဲ တစ်ပတ် တစ်ပတ် မုန့်ဖိုးလည်း ပြောင်တာပဲ” ဟု ကိုနိုင်လင်းဦးက ဆိုသည်။

အင်တာနက်အခြေပြုဂိမ်းများသည် ဂိမ်းကုမ္ပဏီများက စတင်ထုတ်လုပ်လိုက်ကတည်းက ယင်းကဲ့သို့သော ဂိမ်းဆော့သူများအတွက် တိုက်ရိုက်ရည်ရွယ်ထားသည့် ထုတ်ကုန်များကို မဖြစ်မနေဝယ်ယူကစားစေရန် ကြိုတင်စီစဉ်ထားပြီးဖြစ်သည်။

နိုင်ငံတကာတွင်မူ ငွေပေးချေရေးစနစ်များ အဆင်ပြေလွယ်ကူမှုရှိသောကြောင့် မိမိဆော့ကစားလိုသည့် ပစ္စည်းများကို အဆိုပါဂိမ်းထဲရှိ သတ်မှတ်နေရာတွင် Card စနစ်၊ Mobile Payment  စနစ်များဖြင့် ပေးချေဝယ်ယူလိုက်ရုံပင် ဖြစ်သည်။

မြန်မာပြည်တွင်တော့ ဤသို့မဟုတ်ပါချေ။ ပြည်ပဝက်ဘ်ဆိုက်များမှ ဂိမ်းဆက်စပ်ထုတ်ကုန်များကို တိုက်ရိုက်ဝယ်ယူရန် လူတိုင်းအခွင့်မသာလှချေ။ ပြည်တွင်းဘဏ်များမှတစ်ဆင့် ငွေပေးချေနိုင်သည့် ကတ်များမှာလည်း ပြည်တွင်းဘဏ်အချင်းချင်းပင် ငွေကြေးလွှဲပြောင်း ပေး၍ရသည်မဟုတ်။ နိုင်ငံရပ်ခြားငွေပေးချေမှုများအတွက်ဆို ပို၍ပင်ဝေလာဝေး။ VISA၊ Master စသည့်ကတ်များမှာ စတင်သည်မှာ မကြာသေးသကဲ့သို့ လူတိုင်းလက်ထဲသို့ ကျယ်ကျယ်ပြန့်ပြန့် မရောက်သေးချေ။


ဤသို့သော အခြေအနေအကြောင်းကြောင်း ဖန်လာသည့်အခါ ပြည်တွင်းမှာ ဂိမ်းဝါသနာပါ၍ ပြည်ပဘဏ်ကတ်များ ကိုင်တွယ်သုံးစွဲနိုင်သူအချို့က သက်ဆိုင်ရာ Items များကိုတစ်ဆင့်ပြန်လည်ရောင်းချပေးမှုများကို လုပ်ကိုင်လာကြတော့သည်။

လူကြိုက်များနေသည့် ဂိမ်းအများစုမှာ Application ရယူခြင်းနှင့် ဂိမ်းကစားခြင်းကို အခကြေးငွေသတ်မှတ်ထားခြင်းမရှိဘဲ အချို့သော အဆင့်မြှင့်တင်ခြင်းများ၊ ထူးခြားသည့် Power များ၊ လက်နက်များနှင့် Gems များကို အွန်လိုင်းမှတစ်ဆင့် ဝယ်ယူသုံးစွဲလိုသူများကို ရောင်းချပေးခြင်းဖြင့် ငွေကြေးအကျိုး အမြတ် ရှာဖွေလေ့ရှိသည်။

ယင်းသို့သော ဂိမ်းများကို Free-mium ဂိမ်းအမျိုးအစားဟု သတ်မှတ်ခေါ်ဆိုကြသည်။

“အရင်တုန်းကတော့ COC ပေါ့။ အဲ့တုန်းကဆို COC အကောင့်ဝယ်တာ ရောင်းတာတွေက အွန်လိုင်းမှာ သိပ်ခေတ်စားခဲ့ဖူးတယ်။ သိပ်ခေတ်ကောင်းတဲ့ ကာလတွေတုန်းက Level 120 လောက်ရောက်နေတဲ့အကောင့်တစ်ခုကို တစ်သိန်းခွဲလောက်အထိ ပေါက်ဈေးရှိခဲ့တယ်” ဟု ဂိမ်းဝါသနာရှင် ကိုအောင်ငြိမ်းချမ်းက ဆိုသည်။

အိမ်သုံးလျှပ်စစ်ပစ္စည်း ကုမ္ပဏီတစ်ခု၏ မန်နေဂျာဖြစ်သူ ၎င်းသည် ယခုအခါ Mobile Legends ပြောင်းဆော့နေသူဖြစ်သည်။
#Crd…
#ThadinKabar