အားပြင်းတဲ့ ဟာရီကိန်း မုန်တိုင်း မိုက်ကယ်ဟာ အမေရိကန် တောင်ပိုင်းစွန်းက ဖလော်ရီဒါပြည်နယ်ကို ဒီနေ့ (ဗုဒ္ဓဟူးနေ့) မှာ ဝင်ဖို့ ရှိနေလို့ လူအမြောက်အမြားဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရပါတယ်။
အင်အား အဆင့် ၃ ရှိတဲ့ အဲဒီ ဟာရီကိန်းဟာ ၁ နာရီကို ၁၂၅ မိုင် လေတိုက်နှုန်း ရှိပြီး ဖလော်ရီဒါပြည်နယ် အနောက်မြောက်ပိုင်းကို ဝင်ချိန်မှာ ဒီထက်ပို ပြင်းထန်လာနိုင်တယ်လို့ အမေရိကန် မိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
လူ ၃၇၀,၀၀၀ ကျော်ကိုလည်း ဖလော်ရီဒါပြည်နယ်က ပြောင်းရွှေ့ဖို့ အမိန့်ထုတ်ပြန်ထားရပါတယ်။ မုန်တိုင်းကြောင့် ဖလော်ရီဒါပြည်နယ်မှာ အမြင့်ပေ ၁၂ ပေ အထိ ရေမြင့်တက်လာနိုင်တယ်လို့ မိုင်ယာမီ အခြေစိုက် နိုင်ငံတော်အဆင့် ဟာရီကိန်း စင်တာက ခန့်မှန်းပါတယ်။ မုန်တိုင်းရဲ့ အလယ်ဗဟိုချက်က ဖလော်ရီဒါပြည်နယ် ပါနားမား စီးတီးရဲ့ အနောက်တောင်ဘက် မိုင် ၂၂၀ အကွာလောက်မှာ ဖြစ်မယ်လို့ ဟာရီကိန်း စင်တာက ဆိုပါတယ်။
ဖလော်ရီဒါ၊ အယ်လ်ဘားမားနဲ့ ဂျော်ဂျီယာ ပြည်နယ်တွေမှာ အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။
အမေရိကတိုက် အလယ်ပိုင်းကို ဟာရီကိန်း မိုက်ကယ် တိုက်ခိုက်ချိန်မှာ အနည်းဆုံး လူ ၁၃ ယောက် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။
#ဘီဘီစီမြန်မာပိုင်း #ဟာရီကိန်း #မိုက်ကယ် #ဖလော်ရီဒါ
#ThadinKabar




