Saturday, October 13, 2018

မျက်မမြင်အားအဓမ္မပြုကျင့်မှုဖြင့်စွပ်စွဲခံရသည့်မသန်စွမ်းအသင်းချုပ်ဥက္ကဌအားရာထူးမှယာယီရပ်နား




မျက်မမြင်အမျိုးသမီးငယ်အား လိင်မတော်မတရားပြုကျင့်သည်ဟု စွပ်စွဲခံထားရသည့် မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ် ဥက္ကဌအား ယမန်နေ့တွင်ရာထူးမှယာယီရပ်ဆိုင်းထားလိုက်သည်။

အစောပိုင်းတွင်အဓမ္မပြုကျင့်မှုဖြင့်နေပြည်တော်ထံတိုင်ကြားခဲ့သော်လည်း အလုံရဲစခန်းကယနေ့တွင် တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်ပေးခဲ့သည်။

ဥက္ကဌဦးအောင်ကိုမြင့်သည် အသက်၂၀ကျော် မျက်မမြင်အမျိုးသမီးအား အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည် ဆိုသည့် တိုင်ကြားစာလက်ခံရရှိခဲ့ပြီးနောက် အသင်းချုပ်၏ ထိပ်ပိုင်းအဖွဲ့ဝင်များ ယမန်နေ့ညက အရေးပေါ်အစည်းအဝေးခေါ်ခဲ့ပြီးနောက်ယင်းဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်။

“တစ်ကယ်လို့ဟုတ်တယ် မှန်တယ်ဆိုရင်တော့ သူက အသင်းချုပ်က နှုတ်ထွက်ရမယ်။ တရားဥပဒေအရ ဆက်ရင်ဆိုင်သွားရမှာဖြစ်တယ်” ဟု အတွင်းရေးမှူး ဦးမြတ်သူဝင်းက Myanmar Now ကိုပြောသည်။

မျက်မမြင် အမျိုးသမီးက အလုံမြို့မရဲစခန်းတွင် ယနေ့တွင် ခြောက်နာရီကျော်ကြာစစ်ဆေးခံခဲ့ပြီးနောက် တစ်လင်တစ်မယားဥပဒေ ပုဒ်မ ၁၃ ဖြင့် ဖွင့်ခဲ့သည်။

"အလိုမတူပဲအကျင့်ခံရတာတော့ဟုတ်တယ်။ ဒါပေမယ့် ကျူးလွန်ခံရတာလည်း ငါးလလောက်ရှိပြီဆိုတော့ သက်သေအနေနဲ့ကမကျန်သလောက်ဖြစ်နေပြီ။ ဒါကြောင့် အမှုကလွတ်ထွက်မသွားအောင် ဒီအမှုနဲ့ဖွင့်လိုက်တာ" ဟု လိုက်ပါကူညီဆောင်ရွက်သည့် iSchool-Myanmar မှ သုတေသနအရာရှိ မနော်ဇာဖြူခန့်က ပြောသည်။

လက်ရှိတွင် အဆိုပါမျက်မမြင်အမျိုးသမီးတွင် ကိုယ်ဝန်ရှိမရှိကို မစစ်ဆေးရသေးကြောင်းလည်းတရားလိုများက ဆိုသည်။

"သူကအတင်းလုပ်ခဲ့တာ ။သမီးပြန်မပြောရဲဘူး ကြောက်တယ်။ သူ့လက်ထဲကလွတ်လာမှ ဦးလေးကိုပြန်ပြောလိုက်တာ။ အခုသမီးနေလို့မကောင်းဘူး။ အားနည်းနေတယ်" ဟု စခန်းတွင်လာရောက်အမှုဖွင့်သည့် အဆိုပါမျက်မမြင်အမျိုးသမီးကပြောသည်။

Myanmar Now ကဖတ်ရှုခွင့်ရခဲ့သည့် တိုင်စာတွင် မြန်မာနိုင်ငံ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုဥက္ကဌ-၂ လည်းဖြစ်သည့် ဦးအောင်ကိုမြင့်သည် အဆိုပါအမျိုးသမီးအား ဇန်န၀ါရီလအတွင်းက မြန်မာနိုင်ငံမျက်မမြင်များအသင်းမှ ဖွင့်လှစ်ထားသော အလုံမြို့ နယ်အတွင်းရှိ မျက်မမြင်အနှိပ်ခန်းတွင် စတင်လိင်အမြတ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်းပါရှိသည်။

ထို့နောက်သုံးကြိမ်ထက်မနည်း အဓမ္မပြုကျင့်ခဲ့သည်ဟု အဆိုပါအမျိုးသမီး၏ ဦးလေးကနေပြည်တော်ရှိ မြန်မာနိုင်ငံ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဌထံ လိပ်မူပြီး အောက်တိုဘာ ၈ရက်ကပေးပို့သည့်တိုင်ကြားစာတွင်ရေးသားထားသည်။

စွပ်စွဲခံရသည့် ဦးအောင်ကိုမြင့်က သူ့အပေါ်စွပ်စွဲချက်များအား တရားဥပဒေကြောင်းအရ ရင်ဆိုင်ရန် ပြင်ဆင်နေသည်ဟု Myanmar Now ကိုပြောသည်။

“ကျွန်တော်က အခြေခံဥပဒေနဲ့အတူ ရင်ဆိုင်မှာပါ။ အသရေဖျက်နေတဲ့ သူတွေလည်း အွန်လိုင်းပေါ် ကလူတွေလည်း အသရေဖျက်တဲ့အတွက်ကြောင့် သူတို့တာဝန်ခံရပါလိမ့်မယ်။ ဒါပဲပြောချင်ပါတယ်” ဟု မြန်မာနိုင်ငံမျက်မမြင်များအသင်းချုပ်၏ ဥက္ကဌ လည်းဖြစ်သူ၎င်းကပြောသည်။

ပုံစာ
အဓမ္မမှုဖြင့်စွပ်စွဲခံမှုကိုဦးအောင်ကိုမြင့်ကတရားဥပဒေကြောင်းအရရင်ဆိုင်မည်ဟုပြောသည် (ဓာတ်ပုံ - Aung Ko Myint Page)

ဝင်းနန္ဒာနှင့် ခင်နှင်းဝေ/Myanmar Now
#ThadinKabar